Monday, July 2, 2012

(၇) ဖျော်ဖြေရေး ပုံစံသစ်တစ်ခု ဖြစ်လာတဲ့ သရုပ်ဆောင်တွေရဲ့ ပြည်ပခြေလှမ်းများ

ပြည်ပဖျော်ဖြေပွဲများသို့ ယခင်ကအဆိုတော်များနှင့် တီးဝိုင်းများတွဲဖက်၍ သွားရောက် ဖျော်ဖြေခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များမှ စတင်၍ သရုပ်ဆောင်များပါ သွားရောက် ဖျော်ဖြေရန် ဖိတ်ကြားခြင်းခြင်းများ ရှိလာခဲ့သည်။ ယင်းသို့ ဖိတ်ကြားလာကြခြင်းမှာ ပြည်ပရောက် မြန်မာများအနေဖြင့် မိမိတို့ နှစ်သက်အားပေးသည့် သရုပ်ဆောင်များအား မြင်တွေ့ခွင့်ရခြင်း၊ ပွဲကျင်းပသည့် ကုန်ကျစရိတ်မှာလည်း အဆမတန်များပြားမှုမရှိဘဲ တတ်နိုင်လောက်သည့် အနေအထားတို့တွင်ရှိခြင်း တို့ကြောင့်ဖြစ်သည် ဟုသိရသည်။ ဖိတ်ကြားခံရသည့် သရုပ်ဆောင်များအနေဖြင့်လည်း ဇာတ်ကားရိုက်ကူးမှုများနှင့် ညှိနှိုင်း၍ရသည့်ရက်များတွင် ပြည်ပဖျော်ဖြေရေး ခရီးစဉ်များအား သွားရောက်မြဲပင်ဖြစ်သည်။ ယင်းသို့ များပြားလာသည့် ပြည်ပဖျော်ဖြေပွဲများနှင့် သရုပ်ဆောင်များအတွက် ဖျော်ဖြေရေးပုံစံသစ် တစ်ခုဖြစ်လာခြင်းကို လေ့လာမိသည့် အလျောက် ယခုနှစ်အတွင်း ပြည်ပဖျော်ဖြေပွဲသွားရောက်မည့် သရုပ်ဆောင်အချို့နှင့် တွေ့ဆုံဖြစ်ခဲ့ရာ . . .
မင်းမော်ကွန်း

    ကျွန်တော် ဇွန်လ ၂၀ ရက် နောက်ပိုင်းမှာ အမေရိကားကို ဖျော်ဖြေရေးခရီး သွားရောက်မှာပါ။ ကျွန်တော်နဲ့အတူ ရဲလေး၊ ၀ိုင်းစုခိုင် သိန်း၊ ရေဗက္က၀င်း၊ Lဆိုင်းဇီတို့ ပါပါတယ်။ အမေရိကားကို ပထမဆုံး ဖျော်ဖြေရေး ခရီးစဉ်အနေနဲ့ သွားရမှာပါ။ ကျွန်တော့်အနေနဲ့ အရင်ကလည်း ပြည်ပဖျော်ဖြေပွဲတွေ သွားခဲ့ဖူးပါတယ်။ ကျွန်တော်က သရုပ်ဆောင် ဆိုပေမယ့် သီချင်းလည်းဆိုတဲ့အခါကျတော့ ပြည်ပဖျော်ဖြေရေးသွားတဲ့ အခါ သီချင်းလည်းဆိုဖြစ်ပါတယ်။ အခုလို ပြည်ပဖျော်ဖြေပွဲတွေ များလာတာက ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေက သရုပ်ဆောင်တွေနဲ့ တွေ့မြင် ချင်ကြလို့ ဖိတ်ကြတာလို့ထင်ပါတယ်။ သရုပ်ဆောင်တွေဘက်က ပြန်ကြည့်တော့လည်း ဟိုက ပရိသတ်တွေနဲ့ တွေ့ခွင့်ရတယ်။ ဒီတော့ ကားရိုက်ရက်တွေ ညှိနှိုင်းလို့ရတယ်ဆိုတာနဲ့ သွားဖျော်ဖြေ ဖြစ်ကြတာများပါတယ်။

နေတိုး

    ကျွန်တော်ဒီနှစ်ထဲမှာ စင်ကာပူကို နှင်းဆီအဖွဲ့သားတွေနဲ့အတူ 'စင်ကာပူနှင်းဆီ' အငြိမ့်သွားရောက် ကပြဖျော်ဖြေဖြစ်ပါတယ်။ အခုဇွန်လ ၁၆ ရက်နေ့မှာ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်မယ့် 'မနက်ဖြန်အစီအစဉ်' ဇာတ်ကားအတွက် စင်ကာပူ သွားရိုက်ဖြစ်တယ်။ စင်ကာပူမှာ ဇာတ်ကားရိုက်ဖြစ်တာ ပထမဆုံးပါပဲ။ သြဂုတ်လမှာ အင်္ဂလန်ဖျော်ဖြေရေး ခရီးစဉ်တစ်ခုသွားဖို့ ရှိပါတယ်။ နိုဝင်ဘာလမှာ ဂျပန်ကို ဖျော်ဖြေရေးအနေ နဲ့ပဲ သွားဖို့ရှိတယ်။ ပြည်ပဖျော်ဖြေရေးပွဲတွေ သရုပ်ဆောင်တွေ သွားရတာများလာတာကတော့ ဟိုမှာရှိနေတဲ့ မြန်မာပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတာပေါ့။ ကိုယ့်ကိုအားပေးဖို့ စောင့်နေကြတဲ့သူတွေအတွက် အားပေးရကျိုးနပ်အောင် ကိုယ့်ဘက်က ကြိုးစားဖို့လိုမယ် ထင်တယ်။

ထွန်းထွန်း

    ကျွန်တော်ဇူလိုင်လထဲမှာ အင်္ဂလန်ကို ဖျော်ဖြေရေးခရီးသွားဖို့ ရှိပါတယ်။ အငြိမ့်ကပြရမယ်လို့ ပြောပါတယ်။ နှစ်ဦးပိုင်းတုန်းကလည်း စင်ကာပူမှာ နှင်းဆီအဖွဲ့သားတွေ အနေနဲ့သွားပြီး ကပြဖျော်ဖြေခဲ့ရပါတယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ဖျော်ဖြေရတဲ့ပွဲမျိုးနဲ့ အခုလိုသရုပ်ဆောင် တစ်ယောက်အနေနဲ့ သွားပြီးဖျော်ဖြေရတဲ့ ပွဲမျိုးကခံစားချက်ချင်းက နည်းနည်းတော့ကွာတာပေါ့။ ဟိုမှာရှိနေတဲ့ ပရိသတ်တွေကို တွေ့ခွင့်ရတာခြင်း ကတော့အတူတူပါပဲ။ အခုလို သရုပ်ဆောင်တွေအတွက် ပြည်ပဖျော်ဖြေပွဲတွေ များလာတာက ကောင်းပါတယ်။ ဒါက ပုံစံသစ်ဖျော်ဖြေပွဲတွေ ဖြစ်လာတာပေါ့လေ။

အိန္ဒြာကျော်ဇင်

    အူဝဲဇူလိုင်လမှာ ဂျပန်ဖျော် ဖြေရေးသွားဖို့ ရှိပါတယ်။ မနှစ်ကတော့ အမေရိကားကို အလည်သွားရင်းနဲ့ ဟိုမှာရောက်နေတဲ့ အနုပညာရှင်တွေနဲ့ အမှတ်တရ ဖျော်ဖြေပွဲပုံစံလေးတော့ လုပ်ဖြစ်ခဲ့ပါတယ်။ အူဝဲတို့ သရုပ်ဆောင်တွေ ဖျော်ဖြေရေးပွဲ တွေများလာတယ် ဆိုတာက ဟိုကို ရောက်နေတဲ့ ပရိသတ်တွေက သူတို့အခွေတွေကနေ တစ်ဆင့်ပဲတွေ့မြင်ခွင့် ရနေတဲ့သရုပ်ဆောင်တွေကို အပြင်မှာ မြင်တွေ့ခွင့်ရတဲ့အတွက် စုပြီးဖျော်ဖြေပွဲလေးတွေ လုပ်လာကြတာလေ။ အဲဒီတော့ အူဝဲတို့ သရုပ်ဆောင်တွေဘက်ကလည်း ဟိုမှာရှိနေတဲ့ ပြည်ပရောက် မြန်မာပရိသတ်တွေကို တရင်းတနှီး ဖျော်ဖြေခွင့်ရတာပေါ့။

ဇူးဇူးမောင်

    ချို့ရဲ့ပြည်ပဖျော်ဖြေရေးခရီး အနေနဲ့ ဂျပန်ကိုသွားဖြစ်ခဲ့ပါတယ်။ ပထမဆုံး ပြည်ပဖျော်ဖြေရေး ခရီးဖြစ်တဲ့အပြင် သီချင်းဆိုဖို့ ဆိုတာကလည်း ချိုနဲ့စိမ်းတဲ့အရာဖြစ်နေတော့ ရင်တွေအရမ်းခုန်ပြီး ကြောက်လည်းကြောက်နေမိတယ်။ တကယ်တမ်း ဟိုကို ရောက်တော့ ဂျပန်ကမြန်မာတွေက လှိုက်လှိုက်လှဲလှဲ အားပေးကြလို့ ၀မ်းသာပြီး အရမ်းလည်းပျော်ခဲ့ရပါတယ်။ နောက်လည်း အခုလိုဖျော်ဖြေပွဲတွေ အခွင့်အရေးရရင် သွားချင်ပါသေးတယ်။

ရန်အောင်

    ဒီလကုန်ပိုင်းမှာ အမေရိကားကို ဖျော်ဖြေရေး သွားဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲတစ်ပွဲ ပါ။ ဒီပွဲလေးကသွားဖို့ စီစဉ်လိုက်၊ ရက်ရွှေ့ထားလိုက်နဲ့ သွားဖြစ်ဖို့က ကြာနေတာပါ။ အရင်ကလည်း အခုလို ဖျော်ဖြေရေးလေးတွေတော့ သွားဖူးပါတယ်။ ပြည်ပဖျော်ဖြေပွဲတွေ များလာတာကတော့ ပြည်ပရောက်နေတဲ့ မြန်မာတွေ များလာတဲ့အခါကျတော့ မြန်မာအနုပညာရှင်တွေကို တွေ့ချင်မြင်ချင်ကြတယ်။ ဒါကြောင့် အခုလို စီစဉ်ကြတာလို့ ထင်ပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အနေနဲ့လည်း ပြည်ပရောက်နေတဲ့ပရိသတ် တွေနဲ့ ဆုံတွေ့ခွင့်ရတယ်လေ။

မေသန်းနု

    မဆင့် ဒီလကုန်ပိုင်းမှာ ကိုရန်လေးနဲ့ပဲ အမေရိကားကို ဖျော်ဖြေရေး ခရီးသွားမယ်။ အရင်ကလည်း ဖျော်ဖြေရေးခရီးလေးတွေ သွားဖူးပါတယ်။ ဒီလို ဖျော်ဖြေရေးခရီးတွေ သွားတာ က ပြည်ပရောက်နေတဲ့ ကိုယ့်ပရိသတ်တွေနဲ့ ဆုံရသလို အနုပညာရှင်အချင်းချင်း ခရီးအတူတူထွက်တာဆိုတော့ စိတ်လက်ပေါ့ပါးတာပေါ့လေ။ ဖျော်ဖြေရတာလည်း ပုံစံသစ်ဖြစ်သလို နေရာသစ်ဆိုတော့ စိတ်အပြောင်းအလဲလည်း ဖြစ်တာပေါ့။

မိုးယုစံ

    မိုးယု ပထမဆုံး ပြည်ပဖျော်ဖြေရေး ခရီးစဉ်အဖြစ် စင်ကာပူကို သွားခဲ့ဖူးတယ်။ စင်ကာပူ နှင်းဆီဖျော်ဖြေရေးအတွက်ပါ။ အခုအင်္ဂလန်မှာ ဖျော်ဖြေရေးခရီးစဉ် ထပ်သွားဖို့ ရှိပါတယ်။ မိုးယုရဲ့ပြည်ပရောက်နေတဲ့ ပရိသတ်ကို တွေ့ခွင့်ရတာကြောင့် ပျော်ရွှင်ရသလို ကိုယ့်ဘက်ကအကောင်းဆုံး ဖျော်ဖြေနိုင်ဖို့လည်း ကြိုတင်ပြင်ဆင်ရပါတယ်။ မိုးယုတို့က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကိုယ်တတ်စွမ်းသလောက် ဖျော်ဖြေရာမှာ အမှားအယွင်းပါသွားမှာလည်း စိုးရိမ်မိပါတယ်။

မိုးဟေကို

    မိုးဟေ မနှစ်က အင်္ဂလန်မှာဖျော်ဖြေရေးအတွက် သီချင်းသွားဆိုခဲ့ရပါတယ်။ ဟိုမှာရှိနေတဲ့ ပရိသတ်တွေ က လှိုက်လှိုက်လှဲလှဲ အားပေးတာကြောင့် ပျော်ရွှင်ရတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မိုးဟေက အဆိုတော်တစ်ယောက် မဟုတ်တဲ့အတွက် သီချင်းဆိုတဲ့နေရာမှာ အမှားအယွင်းဖြစ်မှာတော့ စိုးရိမ်မိပါတယ်။ အခုဒီနှစ်မှာ မိုးဟေကို ပြည်ပဖျော်ဖြေရေးခရီးတွေ ဖိတ်ထားတာရှိပေမယ့် လောလောဆယ်တော့ မသွားဖြစ်သေးပါဘူး။ မိုးဟေခရီးတစ်ခု သွားတယ်ဆိုလည်း အချိန်တစ်ခုပေးရတာကြောင့် ဒီကပရိသတ်တွေနဲ့ ဝေးကွာသွားမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ဇာတ်ကားရိုက်တာလေးတွေကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေတာပါ။ ဇာတ်ကားရိုက်လေးတွေလည်း ညှိလို့ ရခဲ့မယ် ဆိုရင်တော့ ပြည်ပဖျော်ဖြေရေးခရီး အနေနဲ့သွားဖြစ်မှာပါ။

သက်မွန်မြင့်

    သက်မွန် ဒီနှစ်သင်္ကြန်မတိုင်ခင်မှာ စင်ကာပူဖျော်ဖြေပွဲကို လေးဇီးကလပ်တီးဝိုင်းနဲ့အတူ သွားဖြစ်ခဲ့ပါတယ်။ သက်မွန်က သီချင်းမဆိုတတ်တော့ သင်္ကြန်အကလေးနဲ့ပဲ ဖျော်ဖြေ ဖြစ်တာပါ။ အရင်ကတော့ ပြည်ပခရီးတွေက ကိုယ့်ဘာသာ ဈေးဝယ် ထွက်တာမျိုး၊ အလည်သွားတာမျိုး လောက်ပဲ သွားခဲ့ဖူးတာလေ။ အခုလို ဖျော်ဖြေရေးအနေနဲ့ သွားရတာကတော့ အမှတ်တရပါပဲ။ သက်မွန်ကားရိုက်ရက်နဲ့ ညှိလို့ရတဲ့ ခရီးစဉ်မျိုးဆိုရင်တော့ ပြည်ပဖျော်ဖြေရေးတွေ သွား ဖြစ်မှာပါ။

ရတနာမိုင်

    မိုင်လေးဇူလိုင်လမှာ မလေးရှား နဲ့ နိုဝင်ဘာလမှာ ဂျပန်ကိုသွားဖို့ ရှိပါ တယ်။ မိုင်လေးနဲ့အတူ တခြားအနု ပညာရှင်တွေလည်း ပါဝင်ပါလိမ့် မယ်။ မိုင်လေးအနေနဲ့ကတော့ အဆိုတော်တစ်ဦးအနေနဲ့ပဲ ဖျော်ဖြေဖြစ်မှာ ပါ။ အဲဒီပွဲတွေမှာ မိုင်လေးရဲ့တစ်ကိုယ်တော်ခွေထဲက သီချင်းတွေရော အတွဲခွေတွေထဲက သီချင်းတွေပါဆို ဖြစ်မှာပါ။ ပြည်ပဖျော်ဖြေပွဲတွေများ လာတာကတော့ ပြည်ပရောက် မြန်မာတွေက မိုင်လေးတို့ မြန်မာအနုပညာ ရှင်တွေနဲ့ ဆုံတွေ့ခွင့်၊ အားပေးခွင့်ရအောင် ကြိုးစားလာကြတာလို့ ထင်ပါတယ်။ ဒါကြောင့်မိုင်လေးတို့ အနုပညာရှင်တွေဘက်ကလည်း သူတို့စောင့်ကြည့် အားပေးရကျိုးနပ်အောင် ကြိုးစားရမှာပါ။   

No comments:

Post a Comment